၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက်ရှိသူများ
ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးကြေညာချက်
( ၁ / ၂၀၂၀ )

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်သွားနိုင်ရေးအတွက် စနစ်တကျပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသားများ မိမိဆန္ဒ အလျောက် ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည့်အပြင် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်အား မကြာမီထုတ်ပြန်ကြေညာသွားရန်ရှိပါသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မဲပေးပိုင်ခွင့်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးအပ်နိုင်ရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့် ပုံစံ(၁၅)များကို ဖြန့်ဝေသွားမည်ဖြစ်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့အနေဖြင့် ပုံစံ(၁၅)များကို ၎င်း၏ကောင်စစ်နယ်မြေများအတွင်းနေထိုင်သည့် ပြည်ပ ရောက် မြန်မာနိုင်ငံသားများထံ ဆက်လက်ဖြန့်ဝေခြင်းနှင့် ပြည့်စုံစွာဖြည့်စွက်ထားသည့် ပုံစံ(၁၅)များကို စုစည်းကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်နေသည့် ကောင်စစ်နယ်မြေများ ဖြစ်သည့် အလက်စကာပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟာဝိုင်ယီပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ အော်ရီဂွန်ပြည်နယ်၊ နီဗားဒါးပြည်နယ်၊ ဝါရှင်တန်ပြည်နယ်နှင့် အမေရိကန် ဆာမိုအာကျွန်း၊ ဂူအန်းကျွန်းနှင့် မြောက်ပိုင်းမာရီယာနာကျွန်းစုများ စသည့်ဒေသများသို့ အစိုးရ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ မဲဆန္ဒရှင်များစာရင်းကို ပြုစု လျက်ရှိရာ ပုံစံ(၁၅)များဖြန့်ဝေရာတွင် အမည်စာရင်းမကျန်ရှိစေရန်အတွက် အောက်ဖော်ပြပါ အချက်အလက် များအား This email address is being protected from spambots. You need JavaScript enabled to view it. (သို့မဟုတ်) Fax: (1) 213 387 0042 သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်-

(က) အမည်
(ခ) မြန်မာနိုင်ငံကူးလက်မှတ်အမှတ်
(ဂ) လိပ်စာအပြည့်အစုံ (မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံရှိနေရပ်လိပ်စာ)
(ဃ) email address
(င) လက်ကိုင်ဖုန်းအမှတ်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်

 

Embassy Websites

Government Ministries