ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးအား တယ်လီကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေး
(၁၇-၁၂-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Stephen E. Biegun အား ၁၇-၁၂-၂၀၂၀ ရက်၊ နံနက် ၀၈၀၀ နာရီတွင် တယ်လီကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးခဲ့သည်။
ယင်းသို့ ဆွေးနွေးရာတွင် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် မကြာမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် လာမည့် မြန်မာအစိုးရသစ်သက်တမ်းတွင်လည်း အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့သည် ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးယန္တရားကို သင့်လျော်သည့်အချိန်တွင် ပြန်လည်စတင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အမေရိကန်မှ အကူအညီပေးအပ်နေမှု အခြေအနေ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရန်ကိစ္စ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ် Mr. Thomas L. Vajda မကြာမီ လာရောက်တာဝန်ထမ်းဆောင်မည့်ကိစ္စနှင့် ရခိုင်ပြည်နယ်ကိစ္စအား ဖြေရှင်းရာတွင် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မည့် နည်းလမ်းအား ရှာဖွေသွားရန်နှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသွားသူများအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးရေးကိစ္စများတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်မည့်ကိစ္စ စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စအား ဖြေရှင်းအဖြေရှာရာတွင် လူ့အခွင့်အရေးရှုထောင့်သာမက လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရှုထောင့်များမှ ရှုမြင်သုံးသပ်ရန် အရေးကြီးမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စ၏ ရှုပ်ထွေးသိမ်မွေ့နက်နဲမှုနှင့် ယင်းကိစ္စမှာ အကြမ်းဖက်မှု၊ ခွဲထွက်ရေးလှုပ်ရှားမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့လည်း ပါဝင်ပတ်သက်နေသဖြင့် ပိုမိုကျယ်ပြန့်သည့် ရှုထောင့်မှ လေ့လာသုံးသပ်ရန် အရေးကြီးမှုတို့ကို ပြောကြားခဲ့သည်။ ထို့အပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီချက် (၃) ရပ် ချုပ်ဆိုထားပြီး ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသော်လည်း၊ ကော့ဇ်ဘဇားစခန်းတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်အပေါ် အတားအဆီးဖြစ်နေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေးအတွက် UEHRD တည်ထောင်၍ ဆောင်ရွက်နေမှု၊ အာဆီယံ (ASEAN) ၊ ကုလသမဂ္ဂဆိုင်ရာ လက်အောက်ခံအဖွဲ့အစည်းများ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလျက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် သိမ်မွေ့သော ပကတိအခြေအနေနှင့် အခက်အခဲများကို နားလည်ပြီး ယင်းကြုံတွေ့နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအစိုးရဌာနများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အပြုသဘောဆောင်သည့် ကူညီမှုများ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။