(၂၁-၂-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြု လုပ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး၊ (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ ပူးပေါင်းညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေးတို့သို့ တက်ရာက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။

အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေး

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Teodoro L. Locsin Jr. နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့မှ ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဝန်ကြီးများက COVID-19 ပြန့်ပွားမှုကို အာဆီယံနှင့် တရုတ်နိုင်ငံ တို့ပူးပေါင်းကာကွယ်တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြရာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်သူများ၏ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့အပေါ် ထိခိုက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၌ ယနေ့အထိ ရောဂါဖြစ်ပွားသူ(confirmed case) မရှိသေးသော်လည်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူ (၂)ဦး၊ စောင့်ကြည့်(၃၈)ဦး စုစုပေါင်း (၄၀) ဦးအား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ၊ ၎င်းတို့အနက် သံသယရှိသူ (၂)ဦး အပါအဝင်(၃၆)ဦးမှာ ရောဂါပိုးမရှိဟု အတည်ပြုချက် ရရှိပြီး၊ ကျန်(၄) ဦးသာ ဓါတ်ခွဲခန်းအဖြေကို စောင့်ဆိုင်း နေဆဲဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။ ထို့အပြင် COVID-19 အား ကာကွယ်ထိန်းချုပ်မှုပြုရေးအတွက် တရုတ်နိုင်ငံ၏ ထိရောက်စွာ ကြိုးပမ်း ဆောင်ရွက်မှုများအား ချီးကျူးပြောကြားခဲ့ပြီး၊ ယင်းရောဂါသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ပြည်သူများ၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသည့်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်တရုတ်နိုင်ငံတို့အကြား ရောဂါကာကွယ်ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ပြုလုပ်ကြရန်နှင့် တရုတ်နိုင်ငံနှှင့်အတူစည်းလုံးညီညွတ်မှု ပြသကြရန် လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးမှ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့လက်တွဲ၍ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များပါဝင်သည့် ပူးတွွဲထုတ်ပြန်ချက်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။ အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ရောဂါဖြစ်ပွားပြန့်နှံမှုဆိုင်ရာသတင်း အချက်အလက်များ၊ ရောဂါရှာဖွေရေး၊ကုသရေးဆိုင်ရာနည်းစနစ်များအပါအဝင် သတင်း အချက်အလက်များဖလှယ်ရေး၊ လက်ရှိအာဆီယံ၏ယန္တရားများနှင့် မိတ်ဖက်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေး၊ ပြည်သူများထံသို့ တိကျသောသတင်း အချက်အလက်များဖြန့်ဝေသွားရေး၊ အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီး များအစည်းအဝေး နှင့် အခြားလက်ရှိလုပ်ငန်းစဉ်များအား ထိရောက်စွာအသုံးပြု ဆောင်ရွက်သွားရေး၊ တရုတ်နှင့် အာဆီယံနိုင်ငံများရှိ ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ (Centers for Disease Control ) များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရေး၊ တရုတ်နှင့် အာဆီယံနိုင်ငံများတွင် ဆေးဝါးများ၊ သုတေသနလုပ်ငန်းသုံးနှင့် ရောဂါကာကွယ်ရေးတွင်အသုံးပြုသောပစ္စည်းများ ပြတ်လပ်မှုမရှိရန်ဆောင်ရွက်သွားရေး၊ သုတေသနလုပ်ငန်းများပိုမိုလုပ်ဆောင်သွားရေး၊ ပြည်သူ များအကြားထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွားရေး ထိခိုက်မှုများအားလျှော့ချရေး စသည်တို့အား ဆောင်ရွက်သွားရန်သဘောတူညီခဲ့ပါသည်။

၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

မွန်းလွဲပိုင်းတွင် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုကျင်းပခဲ့ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Saleumxay Kommasith နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့မှ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ လမ်းညွှန်ချက်များအား အကောင်အထည်ဖော်မှု အခြေအနေများနှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ၏ တိုးတက်မှု အခြေအနေများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်လုပ်ငန်း စဉ်များအပေါ် ဆွေးနွေးခဲ့သည်။ ထို့အပြင်ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ တန်းတူရည်တူရှိမှု အခြေခံမူများဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက် သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြသည်။ အစည်းအဝေးမှ “၂၀၂၀ ခုနှစ် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ” ဖြင့် အကောင်အထည်ဖော်မည့်စီမံကိန်းများစာရင်းကို အတည်ပြု ချမှတ်ခဲ့ရာ မြန်မာနိုင်ငံမှအဆိုပြုထားသည့် စီမံကိန်း(၂၂) ခုပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ သည်အဆိုပါ စီမံကိန်း(၂၂)ခုအကောင်အထည်ဖေါ်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ခန့်ကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေမှ လက်ခံရရှိမည်ဖြစ်ပြီး၊ တရားဥပဒေ စိုးမိုးရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သုတေသန၊ မိုးလေဝသ၊ သိပ္ပံနည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ပညာရေး၊ လူစွမ်းအားအရင်းအမြစ် ကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ အစည်းအဝေးမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက် (Joint Press Communiqué) တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အာဆီယံ ပူးပေါင်းညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေး

အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ နိုင်ငံခြားရေး ဝန်ကြီးများက ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးမှ အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ ဥက္ကဌ၏ သတင်းထုတ်ပြန်ချက်ကို အတည်ပြုခဲ့သည်။ အာဆီယံ(၁၀)နိုင်ငံအနက် ဘရူနိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ (၄)နိုင်ငံတွင် Covid-19 ရောဂါအတည်ပြုလူနာမရှိသေးကြောင်း သိရှိရသည်။

Embassy Websites

Government Ministries