(၁၅-၅-၂၀၂၀ ရက်၊ နေပြည်တော်)
၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်သည့် (၄၅) နှစ်မြောက် အခါသမယကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Kang Kyung-wha နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက် (၁၅၀၀) နာရီတွင် Teleconference ဖြင့် ဆွေးနွေး ခဲ့ပါသည်။
ထိုသို့ဆွေးနွေးစဉ် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅)နှစ်ပြည့် မြောက်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အပြန်အလှန်ပြောကြားခဲ့ပြီး၊ ကိုရီးယားသမ္မတ နိုင်ငံအနေဖြင့် New Southern Policy အရ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ပိုမိုထိတွေ့ဆောင်ရွက်သွားရန်ရှိသည့်ကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးအောင်မြင်မှုနှင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်မှုအခြေအနေများ၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာအစိုးရ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အထောက်အကူပြု ပစ္စည်းများ လှူဒါန်းပေးအပ်မှုကိစ္စများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများအား relief flight များဖြင့် ပြန်လည်ခေါ်ယူနေမှု အခြေအနေများ၊ COVID-19 ကပ်ရောဂါအတွက် ကိုရီးယား EXIM Bank မှ မြန်မာနိုင်ငံအတွက် အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၃၀) ကမ်းလှမ်းထားသည့် ကိစ္စရပ်များ နှင့် နှစ်နိုင်ငံအကြားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ-ကိုရီးယား စက်မှုဇုန် စီမံကိန်း(KMIC) အကောင်အထည်ဖော်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကိစ္စနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်
* * * * *