(၁၆-၅-၂၀၂၀ ရက်၊ နေပြည်တော်)

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရခိုင်ပြည်နယ်၌ လက်နက်ကိုင် ပဋိပက္ခများ အရှိန်တိုးမြှင့်လာနေသည့်ကိစ္စနှင့် IDP စခန်းများအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှင့်ပတ်သက်သည့် ကိစ္စတို့နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ တံခါးပိတ်သီးသန့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ၁၄-၅-၂၀၂၀ ရက်က ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener က ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ များကြောင့် အရပ်သားများ ထိခိုက်ခံစားနေရသည့်အခြေအနေ၊ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု နှင့် စားနပ်ရိက္ခာထောက်ပံ့နေမှုများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် အစိုးရ၏ဆောင်ရွက်မှုများနှင့် အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ တပ်မတော်မှ သုံးလအပစ်အခတ်ရပ်စဲရေး ကြေညာထားရှိမှု အခြေအနေများ၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများနှင့် အဆိုပါလုပ်ငန်းစဉ် များကို ဒေသတွင်းမှလည်းကောင်း နိုင်ငံတကာအသိုက်အဝန်းမှလည်းကောင်း ဆက်လက်ကူညီပံ့ပိုးရန် လိုအပ်နေမှုတို့ကိုထည့်သွင်း ရှင်းလင်းပြောသွားကြောင်း သိရသည်။

ထို့ပြင် ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးကြရာ၌ ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများတိုးမြင့် လာသည့် အခြေအနေကြောင့် နေရပ်စွန့်ခွာသူများနှင့် ထိခိုက်သေဆုံးမှုများအတွက် စိုးရိမ်ကြောင်း၊ ရခိုင် ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို နှစ်နိုင်ငံ သဘောတူညီချက်များ နှင့်အညီ ဒေသတွင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစား၍အပြုသဘောဖြင့် ပါဝင်ကူညီရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ကြသည် ဟုသိရှိရသည်။
ယခုကျင်းပသည့်အစည်းအဝေးကို လုံခြုံရေးကောင်စီ မေလအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော အက်စတိုးနီးယားနှင့် ဗြိတိန်နိုင်ငံတို့က ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အစည်းအဝေးနှင့်စပ်လျဉ်း၍ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် (သို့မဟုတ်) ကြေညာချက် တစ်စုံတစ်ရာထုတ်ပြန်ရန် သဘောတူညီမှု မရရှိ ခဲ့ကြောင်း သိရှိရသည်။

* * * * *

Embassy Websites

Government Ministries