(၁-၇-၂၀၂၀ ရက်၊ နေပြည်တော်)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ် သည့် အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လူကုန်ကူးမှုသည် လှေစီးဒုက္ခသည်ပြဿနာ၏ မူလဇစ်မြစ် အကြောင်းရင်း ဖြစ်ကြောင်း လှေစီးဒုက္ခသည် ၉၉ ဦး အင်ဒိုနီးရှားရေပြင်သို့ ဇွန်လ ၂၄ ရက်နေ့တွင် ဝင်ရောက် လာခဲ့ခြင်း ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ယင်းလှေစီးဒုက္ခသည်များသည် UNHCR ကတ် ကိုင်ဆောင် ထားကြကြောင်း၊ ၎င်းတို့အား လူသားချင်း စာနာ ထောက်ထားသည့် မူဖြင့် လက်ခံထားကြောင်း၊ နိုင်ငံဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရေး၊ နေရပ်စွန့်ခွာသူများ ဆန္ဒ အလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ ၎င်းတို့ နေရပ်နိုင်ငံသို့ပြန်နိုင်ရေးနှင့် ရခိုင်ပြည်နယ်၌ သင့်လျော်သည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေး တို့အတွက် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ရန်မှာ မိမိတို့၏ ဦးစားပေး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လှေစီးဒုက္ခသည်များ၏ အခြေအနေကို မြန်မာနိုင်ငံ အနေဖြင့်လည်း စိုးရိမ်ပူပန်ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံ ကမ်းခြေများသို့ ရောက်ရှိခဲ့ကြသည့် လှေစီးဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဆက်ဘဇား စခန်းများမှဖြစ်သည်ဟု UNHCR က အတည်ပြုထားကြောင်း၊ ၎င်းတို့သည် UNHCR ကတ် ကိုင်ဆောင် ထားကြသည့်အချက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာသည် မှာ ထင်ရှားကြောင်းဖြင့် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက လှေစီးဒုက္ခသည်များအရေးကို လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်း အရေးကိစ္စအောက်မှ ခြုံငုံရှုမြင်သင့်ကြောင်း၊ ဒေသတွင်း၌ လူကုန်ကူးမှုလှုပ်ရှားမှုများ ကျယ်ပြန့်စွာရှိနေပြီး ကော့ခ်ဆက်ဘဇားရှိ နေရပ်စွန့်ခွာသူများကို ပစ်မှတ်ထားနေကြသည်ကို အစီရင်ခံစာများအရ သိရှိရကြောင်းနှင့် လှေစီးဒုက္ခသည်များအရေး၏ မူလဇစ်မြစ်အကြောင်းရင်း ဖြစ်သည့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းရန်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်နိုင်သည့်တိုင် လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပါက လှေစီးဒုက္ခသည်များ ပြဿနာသည် ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်ကြောင်းနှင့် ပြဿနာ၏ မူလဇစ်မြစ် အကြောင်းရင်းဖြစ်သော ဒေသတွင်း လူကုန်ကူးမှုကို ပူးပေါင်းတိုက်ဖျက် ဖြေရှင်းနိုင်မှသာ လှေစီးဒုက္ခသည်များအရေးကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
* * * * *