(၉-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ၉-၃-၂၀၂၃ရက်နေ့၊ မွန်းလွဲ၂:၃၀နာရီတွင်ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပပြုလုပ်သည့်(၁၉)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင် တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီးအခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများ/ ဒုတိယ ဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင်ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်ကမိန့်ခွန်းပြောကြားခဲ့ရာတွင် ယခုကဲ့သို့ အရေးပါသည့် အစည်းအဝေးကို ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ကြိုးပမ်း အားထုတ်ခဲ့မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တွင် ဘင်းမ်စတက်ဗန်ကောက် ရည်မှန်း ချက် (၂၀၃၀)နှင့် ဘင်းမ်စတက်ယန္တရားအသီးသီးအတွက် လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း စည်းကမ်းများကို အောင်မြင်စွာ အတည်ပြုနိုင်တော့မည်ဖြစ်ရာ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အကောင်းမွန်ဆုံး ထမ်းဆောင်လျက်ရှိသည့် ထိုင်းနိုင်ငံကို ဂုဏ်ပြုပါကြောင်း၊ ဘင်းမ်စတက် အနာဂတ်ဦးတည်ချက်များဆိုင်ရာ ဘင်းမ်စတက်ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့အတွက် စည်းမျဉ်းစည်းကမ်းများနှင့် ဘင်းမ်စတက်၏ ပင်မယန္တရားများ၊ ကဏ္ဍအလိုက်ယန္တရားများနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းတို့အတွက် ဘင်းမ် စတက် အဆင့်မြင့်အရာရှိကြီးများနှင့် ဘင်းမ်စတက်အမြဲတမ်းလုပ်ငန်းကော်မတီတို့၏ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ ဘင်းမ်စတက်လယ်ယာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင် နိုင်ငံအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံကဘင်းမ်စတက်အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းလျက် ဘင်းမ်စတက်လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ပြုစု ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစီမံချက်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၁၀ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်း အဝေးတွင် အတည်ပြုနိုင်ခဲ့မှုအပေါ် ကြိုဆိုပါကြောင်း၊ ဘင်းမ်စတက်ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်စေရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံက ဦးဆောင်ကျင်းပခဲ့သည့် “ဘင်းမ်စတက်စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့ သည့် စားနပ်ရိက္ခာစနစ်များဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲ” ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပါဝင် တက်ရောက်မှုဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်းကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ဘင်းမ်စတက်မူဘောင်အောက်ရှိ ကတိကဝတ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် လိုအပ်သကဲ့သို့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်း ထားသည့် အခြေခံမူများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးထားလိုက်နာကျင့်သုံး ရန် အရေးကြီးမှုကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ တွင် ထိုင်းနိုင်ငံက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအစီရင်ခံစာကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ဝန်ကြီး များသည် ဘင်းမ်စတက်ဗန်ကောက်ရည်မှန်းချက် (၂၀၃၀)၊ ဘင်းမ်စတက် ယန္တရားအသီးသီး အတွက် လုပ်ထုံးလုပ်နည်းများနှင့်စည်းမျဉ်းစည်းကမ်းများ၊ ဘင်းမ်စတက်အနာဂတ်ဦးတည်ချက် များဆိုင်ရာ ဘင်းမ်စတက်ထင်ပေါ်ကျော်ကြားပညာရှင်များအဖွဲ့အတွက် စည်းမျဉ်းစည်းကမ်းများ၊ ပြန်လည်ဖွဲ့စည်းထားသည့်ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများနှင့်ကဏ္ဍခွဲများအောက်တွင် ပင်လယ်ပြင်အခြေပြုစီးပွားရေး၊ တောင်တန်းဒေသအခြေပြုစီးပွားရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍများ ထည့်သွင်းဖွဲ့စည်းရေးတို့အပါအဝင် ဘင်းမ်စတက်သဘောတူညီချက်များ နှင့် အခြားအရေးကြီးစာရွက်စာတမ်းများကို အတည် ပြု/ ထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။ ထို့ပြင် ဝန်ကြီးများသည် (၁၉)ကြိမ်မြောက်ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

20230309 01

Embassy Websites

Government Ministries