အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာအသိုင်းအဝိုင်းနှင့် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အကြားတည်ရှိသောချစ်ကြည်ရင်းနှီးမှုကိုပိုမိုမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို မျှဝေအသိပေးရန်နှင့် ပူးပေါင်းပါဝင်ရေးတို့ကို ရည်ရွယ်၍လည်းကောင်း မြန်မာ အသိုင်းအဝိုင်းက ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲကိုအားပေးသည်ကို ပြသသည့်အနေဖြင့် သံအမတ်ကြီး ဦးအောင်လင်းသည် ၂၅-၅-၂၀၁၉ ရက်နေ့မှ ၂၆-၅-၂၀၁၉ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၌ ကျင်းပပြုလုပ်သည့် မြန်မာအသိုင်းအဝိုင်းဖြင့်တွေ့ဆုံပွဲ နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာမိသားစုများ၏ နှစ်စဉ်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာသင်္ကြန်ပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲနှင့် အခမ်းအနားများသို့ လော့အိန်ဂျယ်လိစ့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်ယုလည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားများကို အဓိကတာဝန်ယူကျင်းပသည့် ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာအသိုက်အဝန်းမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထူထောင်ထားသော One Myanmar Community ၏ ဖိတ်ကြားချက်အရသံအမတ်ကြီးနှင့် ကောင်စစ်ဝန်ချုပ်တို့မှ တက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

ခရီးစဉ်အတွင်းသံအမတ်ကြီးသည် ၂၅-၅-၂၀၁၉ ရက်နေ့၊ ညနေပိုင်းတွင် ဘေးဧရိယာရှိ Union City၊ Kennedy Park ခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် ဘေးဧရိယာဒေသရှိ မြန်မာအသိုင်းအဝိုင်းမိသားစုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံတည်ဆောက်ရေးဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် စိန်ခေါ်မှုများကို မြန်မာအစိုးရမှ ဖြေရှင်းနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင်တွေ့ဆုံပွဲ တက်ရောက်လာကြသူများမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ၎င်းတို့ သိလိုသည်များကိုလည်းသံအမတ်ကြီးနှင့် ကောင်စစ်ဝန်ချုပ်တို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ မြန်မာအသိုင်းအဝိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

၂၆-၅-၂၀၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် Union City ၊ Kennedy Park ၊ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာသင်္ကြန်ပွဲတော်နှင့် သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

Embassy Websites

Government Ministries